သမုဒယတောင်ထွတ်ဖျားဆီမှသစ္စာ
သမုဒယတောင်ထွတ်ဖျားဆီမှသစ္စာ
ဒီpostဖတ်ပြီးမျက်ရည်ကြပြီးပြီ copyယူပြီးမျှဝေပေးပါတယ် ဖြစ်ရပ်မှန်လေးပါ
* * * * *မူရင်းပိုင်ရှင်အား crdeitပေးပါတယ်ရှေ့တန်းကစစ်သားတစ်ယောက်ရဲ့ဘဝကိုနားလည်နိုင်ကြပါစေ…
🍃🍁🍃🍁🍃🍁🍃🍁🍃🍁🍃🍁🍃သမုဒယတောင်ထွတ်ဖျားဆီမှသစ္စာ
Messenger ကနေ ”ကလင်” ဆိုသော အချက်ပေးသံကြောင့် ဒေါ်မြနွယ်တစ်ယောက် ကုတင်ပေါ်လှဲမှီရင်း ပုတီးစိပ်နေရာမှ ခေါင်းထောင်ပြီး ကြည့်လိုက်မိလေသည်။အို … ငါ ဖုန်းကို fbသုံးပြီး အင်တာနက်မပိတ်ပဲ ဒီအတိုင်း တင်ထားမိခဲ့တာပဲ ။အိပ်ရာဘေးက စားပွဲပေါ်မှ စားပွဲတင်နာရီကို ကြည့်လိုက်တော့ အချိန်က ည ဆယ်နာရီခန့် ရှိနေလေပြီ ။”ဒီအချိန်ကြီး ဘယ်သူက စာလာပို့နေပါလိမ့် ”ဇဝေဇဝါအတွေးများနှင့် ဒေါ်မြနွယ်တစ်ယောက် ဖုန်းကိုကမန်းကတမ်း ကောက်ကိုင်ပြီး စာကိုဖတ်ကြည့်လိုက်မိသည် ။စာကနှစ်လုံးတည်းသာ ။
”အမေ” တဲ့ ။အို … ဘုရား ဘုရား ။လက်ထဲမှာ ကိုင်ထားသော ပုတီးက ကြမ်းပြင်ပေါ်ကို ”ဒေါက်” ခနဲလွတ်ကျသွားရတော့သည်။ဘုရား … ဘုရား ။ သားဖြစ်သူရဲ့ acc profile လေးနှင့် ညတိုင်းသားမောင်နှုတ်ဆက်သလိုမျိုး လာနှုတ်ဆက်နေသည်ပဲ ။ဒါ … ဒါ သားလေးမှ ဟုတ်ရဲ့လား ။မဖြစ်နိုင် …။ဘယ်လိုမှ မဖြစ်နိုင် … ။သားဖြစ်သူ တိုက်ပွဲကျသွားတာ လပေါင်းများစွာ ကြာခဲ့ပြီပဲ ။ဒါ … ဒါဆို ဒါကဘယ်သူတဲ့လဲ ။ဒါမှမဟုတ် တမလွန်က သားလေးကများအမေ့ကို လာနှုတ်ဆက်နေရော့သလား ။”သား …သားရေ အမေ့သားလေးမှ ဟုတ်ရဲ့လားဟင် ”messenger မှာ စာရိုက်နေသော လက်တွေက တဆတ်ဆတ်တုန်ယင်နေလျက် ရှိကြ၏။ဖုန်း screen ပေါ်သို့လည်း မျက်ရည်စတွေက အတားအဆီးမဲ့စွာ ကျရောက်လာကြသည်။တစ်ဘက်က စာပြန်ရိုက်နေသော အစက်လေးသုံးစက် လှုပ်နေသောပုံကို စောင့်နေရသောစက္ကန့်ပိုင်းအချိန်သည် ကမ္ဘာနှင့် ချီအောင် ကြာလွန်းလှည်ဟုလည်း ဒေါ်မြနွယ် စိတ်ထဲမှာ ထင်မြင်မိတော့၏ ။”သား အမေ့သား ဗိုလ်ကြီးဇေယျမဟုတ်ပါဘူး အမေဗိုလ်ကြီးဇေယျရဲ့ တပည့် တပ်သား ဖိုးထောင်ပါ ”ဟင် … ”အံ့သြမိသောစိတ်ကြောင့် အာမေဋိတ်သံက လွှတ်ခနဲ ထွက်သွားရသည် ။ဒါဆို … ဒါဆို မင်းက ဘာလို့ ငါ့သားအကောင့်ကို ယူသုံးနေရတာတဲ့လဲ ”ဟုတ်ကဲ့ အမေ… သားရှင်းပြပါ့မယ်အမေ ခဏသည်းခံပြီး ဖတ်ပေးပါနော် ””အေးပါကွယ် … အေးပါ ”တစ်ဘက်က စာလုံးပေါင်းသတ်ပုံမမှန်သော စာလေးများ တစ်ကြောင်းချင်းပေါ်ထွက်လာခဲ့ကြလေ၏။မဝေးသေးသော အတိတ်တစ်နေရာက ဒေါ်မြနွယ်မသိခဲ့ရှာသော သားတော်မောင်၏ အဖြစ်သနစ်လေးတွေပင် ဖြစ်သည်။စာတစ်ကြောင်းချင်းဆီကို ဖတ်ရတိုင်း ဘယ်ဘက်ရင်အုံထဲမှ နှလုံးသားသည် စူးခနဲ စူးခနဲဖြစ်ပြီး နက်နက်နဲနဲ နာကျင်လာခဲ့ရလေ၏။
အဆက်မပြတ်ယိုစီးကျလျက်ရှိသော မျက်ရည်စတွေထဲမှာ ဝေးကွာခဲ့ရသည်မှာ ကြာပြီဖြစ်သော ပုံရိပ်ဟောင်းတို့သည် ဒေါ်မြနွယ်၏မျက်ဝန်းထဲ၌ အနှေးရုပ်ရှင်ပြသလို တဖြည်းဖြည်းချင်း ပေါ်လာလျက်ပင် ရှိပေတော့လေသည် ။( ၂ )ဒီနေ့ သူ့ဗိုလ်ကြီးကို ကြည့်ရသည်မှာ သိပ်မလန်းဟု ဖိုးထောင် ထင်မိသည်။အမြဲတမ်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေတတ်သော်လည်း တိုက်ပွဲသံကြားလျင် သေနတ်ကိုကျည်ထိုးပြီး ရှေ့ဆုံးကနေ တက်ကြွစွာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်လေ့ရှိသူ သူ့ဗိုလ်ကြီး၏မျက်နှာက ဒီနေ့ကျမှ တစ်ခုခုကို တွေးပြီး ဆွေးသေလိုပင် ။”ဗိုလ်ကြီး ထမင်းစားလို့ရပြီ ”သူ့ အသံကြောင့် ဗိုလ်ကြီးဇေယျတစ်ယောက် လှည့်ကြည့်ပြီးမှ တစ်ဘက်ကို ပြန်လှည့်သွား၏။
”ငါ မစားချင်သေးဘူး ဖိုးထောင်ရာ မင်း အရင်စားနှင့်ကွာ ။ငါ့စောင့်မနေနဲ့ … ””ဟာဗျာ … ဗိုလ်ကြီးကလဲ ကျွန်တော်ဗိုလ်ကြီး မစားသေးဘဲနဲ့ ဘယ်တုန်းကများဦးဦးဖျားဖျား စားဖူးလို့လဲ ။ရတယ် ကျွန်တော်လဲ မဆာသေးဘူး။ဗိုလ်ကြီး စားပြီးမှ စားမယ် ”သူ့ စကားကြောင့် ဗိုလ်ကြီးဇေယျတစ်ယောက် ထုံးစံအတိုင်း ညာဘက်က ပါးချိုင့်လေး ခွက်သွားအောင် ပြုံး၏။သို့သော် ခပ်ယဲ့ယဲ့အပြုံးတွေက သိပ်မပီပြင်လှသယောင်ပင် … ။”ဗိုလ်ကြီး ဘာတွေဖြစ်နေတာလဲ ”သူ ဘေးမှာ ထိုင်ချပြီးမေးလိုက်တော့ ဗိုလ်ကြီးဇေယျတစ်ယောက် သက်ပြင်းတစ်ချက် ချလိုက်သည်။”ငါ အမေ့ကို သတိရနေတာကွ .. ဖုန်းလိုင်းတွေမမိတော့ အမေနဲ့ဖုန်းမပြောရတာတောင် အတော်ကြာသွားပြီကွာ ။အရင်တုန်းကဆို တရုတ်ဖုန်းလေးနဲ့ ပြောလို့ရသေးတယ်။အခုတော့ တရုတ်ကဒ်တွေကလဲ over sea call ပိတ်ထားတာကြာပြီဆိုတော့ အမေနဲ့ အဆက်အသွယ်မရတာလနဲ့ချီနေပြီ ။ပြီးတော့ မနက်ဖြန်တိုက်ရမယ့်တိုက်ပွဲအတွက် ငါ့စိတ်တွေ လေးနေမိတယ်။ငါ တိုက်ပွဲတွေအများကြီး ကြုံလာတာ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး ”ဟာ … မဟုတ်တာ ဗိုလ်ကြီးရာ … ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ် … စိတ်ထဲထားမနေစမ်းပါနဲ့ ။ပြီးတော့ ဒီတစ်ပွဲပြီးရင် ကျွန်တော်တို့ ပြန်ရပြီပဲ ဗိုလ်ကြီးရာ ။ရှေ့တန်းက ပြန်ရင် ဗိုလ်ကြီးအမေနဲ့လဲ တွေ့ရမယ်။ပြီးတော့ ဗိုလ်ကြီးကောင်မလေးနဲ့ … ”ဗိုလ်ကြီးဇေယျ လက်ကာပြလိုက်သဖြင့် သူ့စကားသံတို့က လေထဲမှာ ရပ်တန့်သွားရသည် ။” ငါ့ကောင်မလေးတဲ့လား … အဟက် မင်း မသိသေးဘူးလား ဖိုးထောင် ။အေးလေ ဘယ်သိပါ့မလဲ. ..ငါကမှ မပြောမိတာကိုး ။အဲဒီ မရွှေချော အိမ်ထောင်ကျသွားပြီကွ ”
”ဟမ် … ဘယ်လို ””ဘယ်လိုမှ မလဲဘူး … အဲလိုပဲလူကို ချစ်တာမှ မဟုတ်တာကွာပုခုံးပေါ်က အပွင့်ကို ချစ်တာလေ ။သူတို့သစ္စာတရားတွေက ဈေးသိပ်ပေါလွန်းပါတယ်ကွာ ။ပြီးတော့ သူတို့ထင်တာက
စစ်ဗိုလ်ဆိုတာ ရုပ်ရှင်ကားတွေထဲကလို မီးပူကော့နေအောင်ထိုးထားတဲ့ ယူနီဖောင်းကို ဝတ်ပြီး ပစ္စတိုသေနတ်ကြီးခါးထိုးထားတဲ့ ကျော့ကျော့မော့မော့လေးလို့ မြင်တာလေ။ငါတို့လို တောထဲတောင်ထဲမှာ ငတ်တလှည့် ပြတ်တလှည့် …စစ်ဗိုလ်ကို လိုချင်တာမှ မဟုတ်တာ ။ဒီလိုပါပဲကွာ ။သူ လူရွေးမှားသွားတာပါ။အခုတော့ အမြင်မှန်တွေ ရသွားတာပေါ့ ။ငါနဲ့ နောက်ဆုံးဖုန်းရတဲ့ အချိန်ကတည်းက သူ အိမ်ထောင်ပြုတော့မယ်လို့ ပြောသွားတာလ။ခုဆို ကလေးတောင်ရလောက်ပြီ … အဟေး ”ရယ်ကျဲကျဲပြောနေသော်လည်း ဆရာသမား၏ ရင်ထဲက နာကျည်းမှုတစ်ချို့ကို တွေ့လိုက်ရ၍ သူ စိတ်မကောင်းဖြစ်ပြီး သက်ပြင်းခပ်သဲ့သဲ့ကို ခိုးပြီး ချလိုက်မိသည်။သြော် … ပေးဆပ်သူတို့ရဲ့ ဘဝတွေပေပဲလေ… ။” ဒါပေမယ့် ငါ အပြစ်မပြောပါဘူးကွာ …လူဆိုတာ ကိုယ်နေပျော်မယ်ထင်တဲ့ ဘဝကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ် ။ ငါတို့က ဒီဘဝကိုရွေးခဲ့ပြီးသားပဲ ။ငါတို့က ပေးဆပ်ဖို့သက်သက်
တပ်ထဲဝင်လာတဲ့ကောင်တွေပဲကွာ ။ပေးဆပ်နေရတာ နေပျော်ပါတယ်။ဒါပေမယ့် ဖိုးထောင် ။မင်းကို ငါ တစ်ခုတော့ တောင်းဆိုချင်တယ် ””ဟုတ် ပြောပါ ဗိုလ်ကြီး ””မနက်ဖြန်တိုက်ပွဲမှာ ငါ တစ်ခုခုဖြစ်သွားခဲ့ရင် ဟောဒီမှာ ငါ့ဖုန်း ။ဒါ ငါ့ အကောင့် ။ဒါက ငါ့အမေ အကောင့် ။ မင်း လိုင်းမိတဲ့နေရာ ရောက်တာနဲ့ အမေ့ကို ငါ နှုတ်ဆက်နေကျလို ညတိုင်း နှုတ်ဆက်ပေး ကန်တော့ပေးကွာ နော် ငါ့တပည့် ” ကြားလိုက်ရသောစကားကြောင့် ဖိုးထောင် ရင်ထဲနင့်ခနဲ ဖြစ်သွားရသည်။”ဗိုလ်ကြီးကလဲ မပြောကောင်းမဆိုကောင်းတွေမပြောပါနဲ့ဗျာ ”သူ့စကားကြောင့် ဗိုလ်ကြီးဇေယျ ပြုံးလိုက်၏။ပြီး သူ့ပုခုံးကို လက်နှင့် ဆုပ်ကိုင်လိုက်ရင်းက …”အေးပါ ငါ့တပည့်ရာ အေးပါမင်းမကြိုက်ရင် ငါ မပြောတော့ပါဘူး။ဒါပေမယ့်ကွာ … ကံကြမ္မာဆိုတာမျိုးက မမြင်ရတော့လဲ အခက်သားကွ ”
စကားစတို့အဆုံးမှာ မရည်ရွယ်ပါဘဲနှင့် နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လျက် သက်ပြင်းကိုယ်စီ ချလိုက်မိလေတော့သည် ။မမျှော်လင့်ထားသောဖြစ်ရပ်များ ဖြစ်တတ်သည့်သဘောသဘာဝရှိခြင်းကိုသာ ဘဝပေပဲဟု ထိုအချိန်က ဖိုးထောင်တစ်ယောက် နားလည်သိမြင်နိုင်စွမ်းရှိခဲ့ပါလျင်မူ … … ။
(၃)နေရာကား တာမိုးညဲနှင့် မုံးစီးအကြား TNLA တပ်မဟာ (၄)နေရာယူထားသော ပွိုင့် – ၁၈၁၈ တောင်ကုန်း ဖြစ်သည် ။မနက်အလင်းရောင်ရသည်နှင့် Dawn Attack ဝင်ရောက်တိုက်ခိုက်ရန် ညွှန်ကြားချက်အရ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ မင်းလှသားများ ရန်သူ့ကုန်းအနီးသို့ မနက် ၀၃၀၀ နာရီခန့်ကတည်းက စတင်ချဉ်းကပ်လာခဲ့ကြ၏။ရန်သူကား မကြာမီပြင်းထန်သောတိုက်ပွဲဖြစ်မည်ကို သိဟန်မတူ ။စန်းကုန်းတစ်ခုလုံးကား တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။ပိုးကောင်တွေ၏ အော်မြည်သံများကသာ ပါတ်ဝန်းကျင်မှာ တစ်ချက် တစ်ချက် ပေါ်ထွက်ဆူညံနေကြသည်။မကြာမီ နယ်မရှောင်သော ကြယ်ပြောင်တို့၏ တိုက်ပွဲကား စတော့မည် ။”ပစ် … ”တပ်ရင်းမှူး၏ အမိန့်သံနှင့်အတူ ကာပစ်နေရာမှ ဒဿမ ၅ စက်သေနတ်ကြီးသံများ ၊ အမ်အေ ၇ နှင့် ၈၁ မမစိန်ပြောင်းပစ်ခတ်သံများ ဗုံးသီးကျကွဲသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့လေတော့သည်။
”တက် …မင်းလှသားတွေကွ တပ်မ ( ၆၆ ) ကွ … တက် ”ပွိုင့်တပ်ခွဲမှူး ဗိုလ်ကြီး ဇေယျ၏အသံက သေနတ်သံ ဗုံးသံတွေကို လွှမ်းမိုးပြီး တိုးထွက်လာလေ၏။”နယ်မရှောင်တဲ့ ကြယ်ပြောင်ကွ … တက် ”
ရန်သူ့ထံမှ လက်နက်ငယ်သံများ ၊ တရုတ်စက်လတ်သံများလည်း ထွက်ပေါ်လာကြသည် ။လက်ပစ်ဗုံးများကလည်း မိုးရွာသကဲ့သို့ပင် အနီးအနားမှာ တဖွဲဖွဲ ကျရောက်ပေါက်ကွဲလျက် ရှိကြ၏။ရန်သူမှာ မထင်မှတ်ထားဘဲ အလစ်ဝင်ဆောင့်ခံလိုက်ရသည့်အပြင် စစ်ဦးဘီလူးကဲ့သို့ ပြင်းထန်သော မိမိတို့တိုက်စစ်ကြောင့် တဖြည်းဖြည်း အရေးနိမ့်လာခဲ့လေပြီ ။”တက် …(၆၆) ကွ တက်… ””ကျား … ”သာယာလှပသော အာရုဏ်ဦးကား ယမ်းငွေ့တွေကြားထဲ၌ အရုပ်ဆိုး အကျည်းတန်သွားရလေပြီဖြစ်သည်။”ထိုး … ””ကျား … ”ရန်သူ့စခန်းကုန်းကား နာရီဝက်မျှသာတောင့်ခံနိုင်ပြီး တာကျိုးသွားလေပြီ ။ပွိုင့်တပ်ခွဲမှူး ဗိုလ်ကြီး ဇေယျကား အမ်အေ – ၃ သေနတ်ကို ခါးပိုက်၍ ပစ်တက် တက်ပြီး ဆက်သွယ်ရေးမြောင်းထဲမှာ လဲကျနေသော ရန်သူများကို သရဲဘီလူးစီးသလို ပစ်ခတ်နေရင်း ရန်သူ့ခဲယမ်းတိုက်နားအရောက်၌ … …”ဝုန်း ”မိုင်းပေါက်ကွဲသံကြီးကား ကျယ်လောင်လွန်းလှသည်။ယုတ်မာကောက်ကျစ်သောရန်သူကား ဆုတ်ပြေးကာနီးတွင် ၎င်းတို့ခဲယမ်းတိုက်အား ရီမုဒ်မိုင်းကပ်ထားခဲ့ပြီး အဝေးမှ ဖောက်ခွဲပစ်လိုက်ခြင်းပင်ဖြစ်သည် ။ပေါက်ကွဲသံကြောင့် ဖိုးထောင်တစ်ယောက် ပစ် တက် တက်နေရင်းမှ မြေပြင်ပေါ် ကမန်းကတမ်းဝပ်ချလိုက်၏။ပြီး ယမ်းငွေ့များ စဲသွားချိန်မှာတော့ အလောတကြီး ကြည့်လိုက်မိရာတွင် မြေပြင်ပေါ်ဒဏ်ရာများစွာနှင့်လဲကျနေသော ဗိုလ်ကြီးဇေယျကို တွေ့လိုက်ရလေတော့သည်။
”ဗိုလ်ကြီး … ”စိုးရိမ်တကြီးနှင့် ကမန်းကတမ်းသွားပြီး ပွေ့ထူလိုက်မိသည် ။”ဗိုလ်ကြီး … အားတင်းထားနော် ဘာမှမဖြစ်ဘူးနော် ဗိုလ်ကြီး အားတင်းထားနော် ဗိုလ်ကြီး ။ဒီတစ်ပွဲပြီးရင် ကျွန်တော်တို့ ပြန်ရတော့မှာလေ ဗိုလ်ကြီးဟေ့ကောင် ဆေးတပ်သား ဆေးတပ်သား ”ကယောင်ကတမ်းနှင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသော ဖိုးထောင်ကို ကြည့်ပြီး ဗိုလ်ကြီးဇေယျ ဒဏ်ရာတွေကြားထဲမှ ပြုံးပြလိုက်၏။”ဖိုးထောင် … ””ဗျာ …ဗျာ ဗိုလ်ကြီး ”
”ရဲသော်မသေ သေသော်ငရဲမလားပါ တပည့်ရာအေးဆေးပါကွာ ။ငါ မကြောက်ပါဘူး ။ကောင်းရာသုဂတိက ငါ့ကိုစောင့်နေမှာပါကွာမင်း … မင်းသာ ငါမှာထားတာကို မမေ့နဲ့နော် ””ဟုတ် … ဟုတ်ကဲ့ပါ ဗိုလ်ကြီးရာတပည့်မမေ့ပါဘူး ။ဗိုလ်ကြီး အားတင်းထားနော်။ကျွန်တော်တို့ စခန်းရပြီ ဗိုလ်ကြီးရဲ့ ။ဟိုမှာ အဖွဲ့တွေ စခန်းသိမ်းအလံထောင်နေကြပြီဗိုလ်ကြီး … ဗိုလ်ကြီး ”သွေးရူးသွေးတမ်းနှင့် ကယောင်ကတမ်းရွတ်ဆိုနေသောသူ့အသံတို့ကို ဗိုလ်ကြီးဇေယျတစ်ယောက် မကြားနိုင်ရှာတော့ပေ ။မျက်လွှာကို မှိတ်လျက် ပေးဆပ်သတို့ရဲ့သွားရာလမ်းကို ငြိမ်သက်ဖျော့တော့စွာလျှောက်လှမ်းသွားခဲ့ရလေပြီတည်း ။အရူးတစ်ယောက်လို တတွတ်တွတ် အော်ခေါ်နေသည့်တိုင် သူ့ဆရာသမားကား သူ့ကို ပြန်မထူးနိုင်ရှာတော့ပေ ။
”ဗိုလ်ကြီး …ဗိုလ်ကြီး … ””တောက် …”လက်သီးကိုတင်းတင်းဆုပ် ၊အံကိုတင်းတင်းကြိတ်လျက် နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားမိသောအချိန်တို့သည် ဘဝမှာ အနာကျည်းဆုံးအချိန်များသာ ဖြစ်ပေလိမ့်မည်သာ ။မခံစားနိုင်သည့်အဆုံး၌ ဖိုးထောင်တစ်ယောက် ရင်ပွင့်မတတ် နာနာကျည်းကျည်း ကြေကြေကွဲကွဲ အော်ဟစ်ငိုကြွေးလိုက်မိလေတော့သည်။”အား … … … ”နာနာကျည်းကျည်း အော်မြည်လိုက်သောအသံတို့သည်သာ ယမ်းခိုးတွေ မှုန်ဝေဆိုင်းမြနေသော ကောင်းကင်တစ်ခုလုံးကို ပဲ့တင်ထပ်မျှ ဆူညံမြည်ဟည်းသွားရလေတော့သည်။
မှတ်မှတ်ရရပင် …။ထိုနေ့က မိုးကောင်းကင်မှာ ကြယ်တစ်စင်း အမိမြေအတွက် ထွန်းလင်းနေလျက်သားမှ လူမသိ သူမသိ ကြွေလွင့်ခဲ့ရပါလေ၏။( ၄ )”အဲဒါကြောင့်ပါ အမေရယ် …ဗိုလ်ကြီးနဲ့ကျွန်တော်က ဆရတပည့်ဆိုလဲ ဟုတ်တယ်။ညီအစ်ကိုဆိုလဲ ဟုတ်ပါတယ်။ဗိုလ်ကြီးမှာထားခဲ့လို့ လုပ်ပေးတယ်ဆိုပေမယ့် တာဝန်အရမဟုတ်ဘဲ စိတ်ထဲက ကိုယ့်ဆရာသမားအမေကို ကိုယ့်အမေလိုပဲ သဘောထားပြီး ”အမေ” ရယ်လို့ ခေါ်မိတာပါ ။အဲဒီလိုခေါ်တာကို အမေခွင့်ပြုပေးပါ။ပြီးတော့ ဗိုလ်ကြီးကျဆုံးသွားခဲ့ရတဲ့အတွက် အမေ စိတ်မကောင်းမဖြစ်ပါနဲ့ ။အမေ့သားတွေ ရှိပါသေးတယ်။သားတို့ တပ်မတော်သားတိုင်းဟာ အမေ့သားတွေပဲ မဟုတ်လား အမေရဲ့ ”
ဝမ်းနည်းကြေကွဲမှုနှင့်အတူ ဖုန်း screen ကို ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာ ကြည့်နေမိရာမှ မထင်မှတ်ထားသော စကားတစ်ခွန်းကြောင့် ဒေါ်မြနွယ် အသိစိတ်တို့ပြန်ဝင်လာခဲ့ရလေသည်။သြော် … သားလေးကျဆုံးသွားတဲ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ တဲ့ ။အမေ့မှာ သားတွေအများကြီးရှိပါသေးတယ် ၊ တပ်မတော်သားတိုင်းဟာအမေ့သားတွေပါပဲ တဲ့လား ။ကြည်နူးမှုကြောင့် ရင်အစုံသည် တုန်ယင်လှိုက်မောနေရာမှ ပြန်လည်တည်ငြိမ်အေးချမ်းလာခဲ့ရလေပြီတည်း ။ဟုတ်ပေသားပဲ …အမေ့သားလေးဟာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရပေမယ့် အမေ့အတွက် သားတွေအများကြီး အစားထိုးပေးခဲ့ရှာတယ်။ဘာလို့ … ဘာလို့ သူက အားငယ်လွမ်းဆွေးနေရမှာတဲ့လဲ ။”သားတို့ အခုရှေ့တန်းပြန်ဝင်ပြီလား ””ဟုတ် ပြန်လာနေပြီ အမေမနက်ဖြန် အောင်လံမှာ ညအိပ်မယ် နောက်ရက် တပ်ဝင်ပြီ ”မျက်ရည်စတွေကို သုတ်ရင်း ဒေါ်မြနွယ် ဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာ ချလိုက်သည်။”အေး အမေ့သားတွေကို အမေ လာကြိုမယ် ”တကယ်ပါ သားရယ်။သားပြောသလို အမေ့သားကြီးဇေယျကျဆုံးသွားခဲ့ပေမယ့် အမေ့မှာ သားတွေအများကြီး ကျန်ပါသေးတယ်။သားတို့ရဲ့ပွဲကိုအမေလာကြိုရမှာပေါ့ ။နက်ဖြန် မင်းတို့အဖေ ခရီးက ပြန်ရောက်တာနဲ့အမေတို့နှစ်ယောက်အတူ လာခဲ့မယ် ။သားပုံကို messenger ကနေ ပို့ပေးထား။နက်ဖြန်ကျရင်လည်း အမေ့ဆီဖုန်းဆက်ဦးနော်။အခုတော့ သားတို့လဲ ပင်ပန်းနေပြီ နားတော့နော် ။အမေလဲ နားတော့မယ် ””ဟုတ် … အမေအမေ့ကို သားတို့ ဒီကနေ ကန်တော့လိုက်ပါတယ် ””အေး …အေး အမေ့သားကြီးတွေ ကျန်းမာချမ်းသာပါစေ ခလုတ်မထိ ဆူးမငြိပါစေနဲ့ တိုက်ပွဲတစ်ရာမှာ အောင်ပွဲတစ်ရာ ရပါစေကွယ် ”ညကား တိတ်ဆိတ်ငြိမ်သက်လာပြီ ဖြစ်သည် ။ဒေါ်မြနွယ်တစ်ယောက် ဖုန်းကို ချပြီး ပြတင်းပေါက်မှတစ်ဆင့် ညမိုးကောင်းကင်အဇဋာထဲသို့ ရည်ရွယ်ချက်မဲ့စွာ လှမ်းမျှော်ငေးမောမိလေ၏။
ကောင်းကင်၌ လမင်းကြီးက တိမ်မည်းညိုတွေ ကြားထဲမှာ ပုန်းလျှိုးကွယ်ပျောက်နေရသည့်တိုင် ကြယ်ရောင်စုံတို့ကား တတ်စွမ်းသမျှ အားလေးနှင့် အလင်းပေးလျက်ပင်ရှိနေချေသေး၏။သဘာဝအလျောက် ထွန်းလင်းနေသောအရာများထက် ပို၍သာလွန်စွာ လင်းချင်းတောက်ပနေသော အရာတစ်ခုကား ရှိနေပါသေး၏။
ယင်းကား ”ပေးဆပ်သူတို့၏သစ္စာတရား”သာပင်တည်း ။ထိုအရာကား အားလုံးထက် သာလွန်မြင့်မြတ်စွာပင် သမုဒယတောင်ထွတ်ဖျားဆီမှာ လဲ့ဝေလင်းချင်းလျက် လောကကြီးတစ်ခွင်ကို အလင်းပေး အလှဆင်လျက်ပင် ရှိနေတော့လေသည်တကား ။ ။(ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ကာယကံရှင်ထံ ခွင့်တောင်းပြီး စိတ်ကူးပုံဖော်ခံစားရေးဖွဲ့ထားပါတယ် ခင်ဗျာ )💐🌸🌷🍀🌹🌻🌺🌻🌹🍀🌷🌸💐မြန်မာ့တပ်မတော်သားအားလုံးအောင်ပွဲအလီလီရကာဘေးကင်းရန်ကွာစွာဖြင့်မိသားစု နဲ့ ပျော်ရွှင်စွာပြန်လည်ဆုံတွေ့နိုင်ကြပါစေ။

Reviewed by ကဲကဲလေး
on
7:18 AM
Rating:

No comments